
ကိုယ်ကဘွဲ့မရသေးလို့ ဝင်ငွေမကောင်းနိုင်ဘူးလို့ မထင်ပါနဲ့။ ဘွဲ့မရပေမယ့်လည်း ဝင်ငွေကောင်းတဲ့အလုပ်တွေအများကြီး ရှိပါတယ်။ ဒီအထဲမှာ ကိုယ်ပိုင်တစ်နိုင်လုပ်နိုင်တဲ့ အလုပ်မျိုးတွေပါသလို လခစားလုပ်ရမယ့်အလုပ်မျိုးတွေလည်းပါပါတယ်။ အခုပြောလိုက်တဲ့ဟာတွေထဲက တချို့ကိုကြားဖူးနိုင်သလို တချို့ကိုလည်းနည်းနည်းစိမ်းနေနိုင်ပါတယ်။ ဒါပေမယ့် ဘွဲ့ရရင်တော့အကောင်းဆုံးပေါ့ဗျာ။
Blogger/Content Writer

Blogger တို့၊ Content Writer တို့ဆိုတာက ဒီဂျစ်တယ်ခေတ်မှာ အင်တာနက်နဲ့အတူခေတ်စားလာတဲ့အလုပ်အကိုင်တွေပါ။ လိုတိုရှင်းပြောရရင် အွန်လိုင်းမှာစာရေးတဲ့သူတွေပေါ့။ ဒီအလုပ်တွေကို ကုမ္ပဏီတွေကခေါ်သလို ကိုယ်ပိုင် Blog တို့၊ Website တို့ထောင်ပြီးလည်း ပိုက်ဆံရှာလို့ရပါတယ်။ ကိုယ်ပိုင်လုပ်တဲ့သူတွေဆိုရင်လည်းကိုယ့်ရဲ့ Blog/Website တို့ကို လူဖတ်များလာတာနဲ့ Google Adsense လိုမျိုးကနေ အလွယ်တကူပိုက်ဆံရနိုင်ပါတယ်။ ( မောင်ပေါက်ကတော့ ဝင်ငွေမကောင်းသေးပါဘူး.. ဤကား စကားချပ် :P )
Youtuber

Youtuber ဆိုတဲ့စကားလုံးကိုတော့ နည်းနည်းစိမ်းနေမယ်လို့ထင်ပါတယ်။ Youtuber ဆိုတာက Youtube မှာ ဗီဒီယိုဖန်တီးတဲ့လူတွေကို ပြောတာပါ။ ဒီအလုပ်လုပ်ဖို့လည်း ဘာဘွဲ့မှရဖို့မလိုပါဘူး။Pewdiepie, Superwoman, SMOSH တို့ဆိုရင် Youtube ဗီဒီယိုတွေဖန်တီးရာကနေ ဒေါ်လာသန်းနဲ့ချီရနေတဲ့သူတွေပါ။ ကိုယ့် ဗီဒီယိုကိုကြည့်တဲ့သူများအောင်လုပ်နိုင် ပိုက်ဆံရနိုင်လေဆိုတဲ့ အလုပ်မျိုးပါ။
Programmer

ပရိုဂရမ်မာဆိုတာက အခုလိုနည်းပညာခေတ်ကြီးမှာ တော်တော်လိုအပ်နေတဲ့ အလုပ်အကိုင်တစ်ခုပါ။ နည်းပညာတစ်ခုမှာဆိုရင် သူတို့ကမရှိမဖြစ်အစိတ်အပိုင်းတွေပါပဲ။ Google လိုကုမ္ပဏီကြီးမျိုးဆိုရင်လည်း လုပ်နိုင်ကိုင်စွမ်းရှိပြီး ဖန်တီးနိုင်စွမ်းရှိတယ်ဆိုရင် ပညာအရည်အချင်းကိုသိပ်မကြည့်ပါဘူး။ ဒါပေမယ့် Google မှာအလုပ်ရဖို့လွယ်မယ်လို့တော့မထင်ပါနဲ့။ မြန်မာနိုင်ငံမှာလည်း ဒီလိုအလုပ်တွေခေါ်ရင် အတွေ့အကြုံများတဲ့သူကို ဦးစားပေးကြတာများပါတယ်။ ဒါပေမယ့် ပညာအရည်အချင်းကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ Programming Language တစ်မျိုးမျိုးကို နှံ့နှံ့စပ်စပ်ကျွမ်းကျင်မယ်ဆိုရင် တကယ်ကိုလစာကောင်းတဲ့အလုပ်မျိုးပါ။
Hacker

Hacker ဆိုတဲ့အလုပ်ကလည်း လစာများတဲ့အလုပ်တစ်ခုပါ။ အလုပ်ခေါ်ရင် ပညာအရည်အချင်းထက် ကိုယ့်ရဲ့လုပ်နိုင်ကိုင်နိုင်စွမ်းကို ပိုပြီးတော့ကြည့်တဲ့အလုပ်မျိုးပါ။ အလုပ်ခေါ်တဲ့နေရာမှာ ဒီလိုအလုပ်အကိုင်မျိုးကို Security Researchers, Penetrations Testers ဆိုတဲ့အမည်တွေနဲ့ခေါ်လေ့ရှိကြပါတယ်။ Bug Bounty Hunters လိုအမည်နဲ့ခေါ်တာရှိသလို တခြားအမည်တွေလည်းရှိပါသေးတယ်။ ကွန်ပြူတာနဲ့ဘွဲ့ရမယ်ဆိုရင် ပိုပြီးတော့ အားသာချက်ရှိပေမယ့် လက်ရှိဒီနယ်ပယ်မှာ ဘွဲ့မရဘဲအောင်မြင်နေတဲ့လူတွေအများကြီးရှိပါတယ်။
Freelancer

Freelaner အလုပ်တွေကတော့ အမျိုးမျိုးပါပဲ။ Freelancer ဆိုတာက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကိုယ်ကျွမ်းကျင်တဲ့အလုပ်ကို ပုဒ်ပြတ်သဘောမျိုးလက်ခံပြီး သတ်မှတ်တဲ့အချိန်မှာပြီးအောင်လုပ်ပေးတဲ့သူတွေကို ပြောတာပါ။ Frreelance ဆိုတာက App Developer တစ်ယောက်ဖြစ်နိုင်သလို Web Developer တစ်ယောက်လည်းဖြစ်နိုင်ပါတယ်။ ဓါတ်ပုံဆရာ၊ ဒီဇိုင်းနာ၊ တိုးဂိုက်၊ ဘလော့ဂါ နဲ့ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ မြန်မာနိုင်ငံမှာလည်း Freeelancer တွေအလုပ်အကိုင်ရှာပေးနေတဲ့ Chatesat လိုမျိုး ဝက်ဆိုဒ်တွေရှိနေပါပြီ။
Professional Gamer

Professional Gaming ဆိုတာ ကမ္ဘာခေတ်စားနေခဲ့တာတော်တော်ကြာနေပါပြီ။ eSports ကဏ္ဍမြင့်တက်လာတာနဲ့အတူ ဂိမ်းမာတွေအတွက် ပိုက်ဆံရှာနိုင်မယ့်အခွင့်အလမ်းတွေ များလာပါတယ်။ ဥပမာ DOTA လိုမျိုးပေါ့။ မြန်မာနိုင်ငံမှာလည်း eSport ကဏ္ဍထွန်းကားလာပြီဖြစ်တဲ့အတွက် ဒီအလုပ်ကလည်း နောက်ပိုင်းမှာအရမ်းခေတ်စားလာနိုင်ပါတယ်။
Video Editor/Animator

ဒီအလုပ်တွေကလည်း အတွေ့အကြုံနဲ့လုပ်နိုင်ကိုင်နိုင်စွမ်းကို အဓိကထားတဲ့အလုပ်တွေပါ။ တချို့နေရာတွေမှာပညာအရည်အချင်းကန့်သတ်ထားတာရှိပေမယ့် တီထွင်ကြံဆနိုင်မှုက အဓိကလို့ပြောနိုင်ပါတယ်။ Adobe ကထွက်တဲ့ After Effects, Premiere Pro တို့လိုဆော့ဝ်ဝဲတွေကို ကျွမ်းကျင်ပိုင်နိုင်နေဖို့လိုသလို အတွေးအခေါ်တွေကဆန်းသစ်နေဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာလည်း အလုပ်အကိုင်အခွင့်အလမ်းရရှိနေတဲ့ အလုပ်အကိုင်တစ်ခုပါ။
ဒီအလုပ်တွေထဲက တော်တော်များများက မြန်မာနိုင်ငံမှာလိုအပ်ချက် မြင့်မားနေပါတယ်။ အဓိကလိုအပ်တာကကိုယ်ပိုင်အရည်အချင်းပါ။ ဘွဲ့မရသေးပေမယ့် အားငယ်စရာမလိုဘဲ ဝင်ငွေကောင်းတဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
မင်းသုခ (အခရာ)
Credit : (www.akhayar.com)
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Post A Comment:
0 comments: