
တစ်ခါက စိတ်ပညာရှင် တစ်ယောက်က ကျောင်းသားတွေကို ကြောင့်ကြစိတ် လျှော့ချနည်း သင်ခန်းစာကိုပို့ချနေပါတယ်။ သူမဟာ ကျောင်းသားတွေကို စကားပြောဆိုနေရင်း ရေခွက်တစ်ခွက်ကို မြှောက်ပြလိုက်ပါတယ်။
အတန်းထဲကလူအားလုံးကတော့ သူမ မေးမယ့်မေးခွန်းဟာ "တစ်ဝက်လျှော့နေတာလား၊ တစ်ဝက်ပြည့်နေတာလား" ဆိုတဲ့ မေးခွန်းကိုပဲ မေးမယ်လို့ ခန့်မှန်းလိုက်ကြတယ်။ ဒါပေမဲ့ သူမက အတန်းသားတွေ ဘာတွေးနေလဲဆိုတာကို သိတယ်ဆိုတဲ့ အပြုံးလေးနဲ့ "ဒီရေခွက်က ဘယ်လောက်လေးလဲ" လို့ မေးလိုက်တယ်။
အတန်းသားတွေကတော့ ဒီရေခွက်ဟာ ၈ အောင်စ (ဒါမှမဟုတ်) ၂၀ အောင်စ လေးတယ်လို့ စသည်ဖြင့် အဖြေပြန်ပေးကြတယ်။
အဲဒီအခါ သူမက "ဒီရေခွက်ရဲ့ တကယ့်အလေးချိန်က အရေးမကြီးပါဘူး၊ တကယ့်အလေးချိန်က ကျွန်မ ဒီရေခွက်ကို အချိန်ဘယ်လောက်ကြာကြာ ကိုင်ထားလဲဆိုတဲ့ပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မ ဒီရေခွက်ကို တစ်မိနစ် ကိုင်ထားမယ်ဆိုရင် ကျွန်မအတွက် ပြဿနာမဟုတ်ဘူး၊ တစ်နာရီလောက် ကိုင်ထားရမယ်ဆိုရင်တော့ ကျွန်မလက်မောင်းတွေ ကိုက်ခဲလာလိမ့်မယ်။ အကယ်၍များ ကျွန်မ တစ်နေ့လုံးကိုင်ထားခဲ့မယ်ဆိုရင်တော့ ကျွန်မ လက်မောင်းတွေက ထံကျင်ကိုက်ခဲလာပြီး လှုပ်မရဖြစ်လာမှာတော့ အသေအချာပဲ။
အချိန်တိုင်းမှာ ရေခွက်အလေးချိန်ဟာ ပြောင်းလဲသွားခြင်း မရှိပေမယ့် ကျွန်မ ဒီရေခွက်ကို အချိန်ကြာကြာ ကိုင်ထားလေ၊ ဒီရေခွက်ဟာ တဖြည်းဖြည်းနဲ့ ပိုလေးလံလာလေပါပဲ"
ဒါဖြင့် "ဘ၀ရဲ့ ဒုက္ခနဲ့ သောကတွေဆိုတာလည်း ဒီရေခွက်ထဲက ရေလိုပါပဲ။ ဘ၀မှာ ဖြစ်ပေါ်တဲ့ အဆင်မပြေမှုတွေကို ခဏပဲလို့ တွေးလိုက်ရင် ဘာမှမဖြစ်တော့ဘူး၊ ဒါပေမဲ့ ဒီဒုက္ခတွေကို နည်းနည်းကြာကြာ တွေးနေရင် ဒီအရာတွေက ရှင်တို့ကို ဒုက္ခပေးနိုင်လာလိမ့်မယ်၊ တစ်နေ့လုံးသာ ဒီဒုက္ခအကြောင်း တွေးနေမိရင်တော့ ရှင်တို့ဟာ ကျိန်းသေ နာကျင်ရမယ်၊ ရှင်တို့အတွက် တခြားအကျိုးရှိတာတွေကို ဘာမှကို လုပ်နိုင်မှာ မဟုတ်တော့ဘူး"
"ဒါကြောင့် စိတ်ဖိစီးမှုတွေကို အမြဲဆုပ်မကိုင်ထားဖို့ လိုတယ်။ ဒီနေ့ နေ့လယ်လောက်မှာ လျှော့ချနိုင်ရင် ဒီအရာတွေဟာ အမြဲဖြစ်မယ့်အရာတွေ မဟုတ်ဘူးလို့ နှလုံးသွင်းပြီး ဒီနေ့နေ့လယ် လျှော့ချလိုက်၊ ဒီ စိတ်ဖိစီးမှုတွေကို နေ့လယ်ကနေ ညအထိ သယ်ပိုးမထားနဲ့တော့"
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Post A Comment:
0 comments: