Smart ဟူသောစကားလုံးကိုမြင်လိုက်သည်နှင့် ပြီးပြည့်စုံခြင်းဟူသော အဓိပ္ပါယ်ဟု ယူဆရမည် ဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင် စမတ်အမျိုးအစား လူသုံးကုန်အီလက်ထရောနစ်ပစ္စည်းများကို အပြိုင်အဆိုင်ထုတ်လုပ် လျက်ရှိရာ နာရီ၊မျက်မှန် အစရှိသည်မှ ယခုအခါ မြို့တော်တစ်ခု၊ နောင်တွင်ကမ္ဘာတစ်ခု (Smart World) အဖြစ် ဆီသို့ပင် ဦးတည်နေပေတော့သည်။
Smart City ဆိုသည်မှာ ၄င်းမြို့တွင်နေထိုင်သော လူများအတွက် ပြည့်စုံကောင်းမွန်သော ဒစ်ဂျစ်တယ်နည်း ပညာများ၊သို့မဟုတ် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာရပ်များ (Information & Communication Technologies-ICT) ကို အသုံးပြုထားသည့် မြို့တော် တစ်ခုဖြစ်ပြီး မြို့နေလူထုအတွက် ထိရောက်မှုရှိပြီး နေထိုင်မှုအဆင်ပြေစေရန် ကုန်ကျစရိတ်နှင့် သဘာဝအရင်းအမြစ်များ ကုန်ဆုံးမှုကို လျှော့ချပေးနိုင်သည့်မြို့တော်ဟု အဓိပ္ပါယ်ဖွင့်ဆိုရမည်ဖြစ်သည်။ အခြားသောအချက်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရလျှင် နည်းပညာများစွာကို အသုံးပြုကာ ပတ်ဝန်းကျင်မှ အချက်အလက်များကို စုဆောင်းရယူပြီး တစ်ခုတည်းသာရှိသော အချက်အလက်စုစည်းရာဌာန (Single Center) သို့ အလိုအလျောက်ပေးပို့ပြီး ဌာနမှတစ်ဆင့်ခွဲခြမ်းစိတ်ဖြာထားပေသည်။ ထို့ကြောင့် အသုံးပြုလိုသူအနေဖြင့် မိမိ လိုချင်သော မြို့တော်ဆိုင်ရာအချက်အလက်များကို ၄င်းဌာနမှတစ်ဆင့် ရယူအသုံးပြုနိုင်မည်ဖြစ်သည်။
ထို့ကြောင့် Smart City သည် Smart Network များအပေါ်တွင် အခြေခံတည်ဆောက်ရန် လိုအပ်ပြီး ၄င်းတွင် အစိုးရ၀န်ဆောင်မှုများ၊ သယ်ယူပို့ဆောင်ရေးနှင့်ယာဉ်ထိန်းချုပ်ရေးစနစ်များ၊ စွမ်းအင်၊ ကျန်းမာရေးဆိုင်ရာ၊ ရေ နှင့် စွန့်ပစ်ပစ္စည်းထိန်းချုပ်မှုကဏ္ဍ အစရှိသည်တို့ကို ကွန်ရက်နှင့်ချိတ်ဆက်ထားရမည်ဖြစ်သည်။ Smart City တွင် အသုံးပြုသော App များသည် မြို့ပြလူနေမှုစနစ်ကို ကောင်းမွန်စွာထိန်းချုပ်မောင်းနှင် နိုင်ရန် အထောက်အပံ့ပေးနိုင်ရမည် ဖြစ်သလို ရင်ဆိုင်တွေ့ကြုံရမည့် အကျပ်အတည်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်စွမ်းရှိရမည်ဖြစ်သည်။ Smart City တွင် အသုံးပြုနိုင်ရန် နည်းပညာ အမျိုးအစားပေါင်းများစွာကို ထည့်သွင်းစဉ်းစားထားရသောကြောင့် မည်သည့်နည်းပညာ များပါဝင်လျှင် Smart City အဖြစ်သက်မှတ်နိုင်သည်ဟု အတိအကျပြောဆိုနိုင်ရန်မှာ အဓိပ္ပါယ် ခက်ခဲလှပေသည်။
Smart City နှင့်ပတ်သက်၍ ပါဝင်ရမည့်အချက်များတွင် အဖွဲ့အစည်းများနှင့် မြို့သူမြို့သားများအကြားတွင် အီလက်ထရောနစ်နှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ စနစ်များကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ခြင်း၊ အလုပ်အကိုင် ပတ်ဝန်းကျင်နှင့် နေထိုင်မှုကဏ္ဍများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာများကို အသုံးပြုခြင်း၊ အစိုးရ အဖွဲ့အစည်းများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းစနစ်များ တည်ရှိခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာ ပြောင်းလဲခြင်းဆိုင်ရာ အချက်များကို နေထိုင်သူများအနေဖြင့် မိမိသိရှိလိုသလောက် ရယူနိုင်ခြင်း အစရှိသည့် အချက်များနှင့် ပြည့်စုံရမည်ဖြစ်ပေသည်။
Smart Cities များအနေဖြင့် ဆက်သွယ်မှုစနစ်များထောက်ပံ့ခြင်း၊ဖြေရှင်းခြင်းများကို အများနှင့်စပ်ဆက် ၍ဖြစ်စေ၊သီးသန့် ဖြစ်စေ ၀န်ဆောင်မှုပေးခြင်းဆိုင်ရာနှင့် ပတ်သက်သော အကျိုးကျေးဇူးအခွင့်အလမ်းများကို ပေးစွမ်းနိုင်ရ မည်ဖြစ်ပြီး ၄င်းတွင် အောက်ပါအချက်များပါဝင်မှုရှိပေသည်။
Broadband
မြို့တော်၏အင်တာနက်စနစ်အနေဖြင့် ကြိုး၊သို့မဟုတ် ကြိုးမဲ့အင်တာနက်ကွန်ရက်စနစ်ဖြင့် ဆက်သွယ်မှုစွမ်း ရည်ကို မြင့်မားအောင် ထောက်ပံနိုင်ရန် ဆက်သွယ်မှုဆိုင်ရာ အခြေခံအဆောက်အဦများကို တည်ဆောက်ထား ရှိရမည်ဖြစ်သည်။ ၄င်းအချက်သည် အစိုးရအဖွဲ့အချင်းချင်း၊ အစိုးရမှ နိုင်ငံသား၊ အစိုးရမှ စီးပွားရေးဆိုင်ရာများ၊ စီးပွားရေးဆိုင်ရာများမှ ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နိုင်မည့် အခြေခံအချက်ပင်ဖြစ်သည်။
Investment
Smart City များတွင် မြို့တော်ဆိုင်ရာနှင့် ပတ်သက်ပြီး ဘက်စုံထိန်းချုပ်ခြင်းများ ပြုလုပ်နိုင်ရန် အစိုးရ၏အချက်အလက်သိုမှီးရာဌာနနှင့် အချက်အလက်စုစည်းရာဌာနများတွင် အချက်အလက်များကို ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားရမည်ဖြစ်သည်။ ထိုသို့အချက် အလက်များကို စုပေါင်းထားရှိပြီး ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လွတ်လပ်စွာယူငင်အသုံးပြုနိုင်ခြင်းသည် မြို့နှင့်မြို့နေ လူထုအတွက် အကျိုးကျေးဇူးများစွာကို ရရှိနိုင်မည်ဖြစ်သည်။
Optimization
အဆောက်အဦများ၊ ပြည်သူများနားနေရန်နေရာများ၊ လမ်းများ၊ ယာဉ်ကြောကျပ်တည်းမှုဖြေရှင်းခြင်းများ၊ ကားရပ်နားမှုနေရာများ အစရှိသည်ဖြင့် မြို့တော်နေလူထုအတွက် လုံလောက်သောနေရာများ ထားရှိပေးထားရမည် ဖြစ်သလို Smart Grid ကဲ့သို့ စနစ်များကျင့်သုံးခြင်းဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ်များထုတ်လုပ်မှုကို လျှော့ချပေးနိုင်ခြင်း၊ စွမ်းအင်ကုန်ဆုံးမှုသက်သာခြင်းတို့ ဖြစ်စေခြင်းအပြင် ကြိုးမဲ့စနစ်များအသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းခြင်းများကို အစဉ်မပြတ် စောင့်ကြည့် ထိန်းချုပ်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။
Enterpreneurship
မြို့တော်နေပြည်သူများအတွက် လုပ်ငန်းဆိုင်ရာသတင်းအချက်အလက်များ၊ လုပ်ဆောင်မှုအသစ်များကို ဖန်တီးပေးပြီး စွန့်ဦးတီထွင်မှုများများ ပြုလုပ်လာနိုင်ရန် တွန်းအားပေးနိုင်ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်အတွက် 3rd အဖွဲ့အစည်းများတည်ထောင်ထားရန် လိုအပ်ပြီး ၄င်းတို့မှ မြို့တော် ကွန်ရက်စွမ်းဆောင်နိုင်မှုများမှ ရရှိမည့် အချက်အလက်များအပေါ်တွင် အကျိုးရှိစွာပြန်လည်ဝေငှခြင်းများပြုလုပ်နိုင်ရမည်ဖြစ်သည်။
Smart Cities များအတွက်ထားရှိရမည့်အာရုံခံစနစ်များ
Smart Parking - ကားရပ်နားနိုင်ရန် နေရာလွှတ်ရှိ/မရှိကိုစောင့်ကြည့်ခြင်းစနစ်
Waste Management - အမှိုက်ပုံးများတွင် အမှိုက်ပြည့်နေခြင်း ရှိ/မရှိကို သိရှိနိုင်ရန်နှင့် အမှိုက်သိမ်းမှုစနစ်
Water Leakages - ရေပေးဝေသည့်ပိုက်တစ်လျှောက် ယိုစိမ့်မှုရှိ/မရှိကို သိရှိနိုင်မည့်စနစ်
Noise Urban Maps - အဖျော်ယမကာဆိုင် (Bar) တ၀ှိုက်နေရာများနှင့်မြို့လယ် နေရာတ၀ှိုက် အသံဆူညံမှုကို စောင့်ကြည့်ခြင်းစနစ်
Smart Lighting - လမ်းမီးများအတွက် renewable enegy သုံးစနစ်များ
Smart Roads - ရာသီဥတုအခြေအနေ နှင့် မတော်တဆဖြစ်မှုများကို ကာကွယ်နိုင်ရန် အချိန်နှင့်တစ်ပြေးညီ သတိပေးစာတိုများပေးပို့ခြင်းနှင့် လမ်းကြောင်းပြသခြင်းစနစ်များ
Electromagnetic Levels - တယ်လီဖုန်းတာဝါတိုင်များ၊ ၀ိုင်ဖိုင်ထုတ်လွှင့်ထားမှုနေရာများ တ၀ှိုက်တွင် လျှပ်စစ်သံလိုက်လှိုင်းနှုန်းကို စောင့်ကြည့်ခြင်းစနစ်များ
Smartphones Detection – iPhone၊ Android ဖုန်းများသာမက မည့်သည့် Wifiသို့မဟုတ် Bluetooth အသုံးပြုနိုင်သည့် ပစ္စည်းမျိုးကိုမဆို ထောက်လှမ်းခြင်းစနစ်များ
Traffic Congestion - ယာဉ်များ၊လမ်းလျှောက်နေသူများအတွက် လမ်းကြောင်းများကျပ်တည်းမှု မရှိစေရန် စောင့်ကြည့်ထိန်းချုပ်ခြင်းစနစ်များ
Perimeter Access Control - သတ်မှတ်ထားသည့်နေရာများသို့ မသက်ဆိုင်သူများဝင်ရောက်မှုမရှိစေရန် ထိန်းချုပ်စောင့်ကြည့်ခြင်းစနစ်များ
Air Pollution - စက်ရုံများ၊ ကားများမှ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေသည့် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုကို ထိန်းချုပ်ခြင်းစနစ်များ
Structural Health - အဆောက်အဦများ၊ တံတားများ ၏ ကြံခိုင်မှုအခြေအနေကို သိရှိနိုင်မည့်စနစ်များ အစရှိသည်စနစ်များ ပါဝင်မည်ဖြစ်ပါသည်။
အချုပ်ဆိုရလျှင် Smart City တစ်ခုဖြစ်ဖို့ဆိုလျှင် စီးပွားရေး၊ နေထိုင်မှုပတ်ဝန်းကျင်၊ အုပ်ချုပ်မှု၊ သွားလာမှု၊ ကျန်းမာရေး၊ မြို့သူမြို့သားများမှအစ အရာအားလုံးသည် Smart ၀န်ဆောင်မှုမျိုးဖြစ်နေရမည်ဖြစ်သည်။
Smart Cities များ
Amsterdam
Amsterdam မြို့တော်အနေဖြင့် Smart City အဖြစ်လုပ်ဆောင်လျက်ရှိရာတွင် ၂၀၀၉ ခုနှစ်ကတည်းက စတင်ခဲ့ပြီး အစိုးရဌာနများ၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများနှင့် မြို့တော်နေပြည်သူများအတွက် ပူးပေါင်းဆောင်ရွက်မှုများ စီမံကိန်းပေါင်း ၇၉ ခုထိ တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်သည်။ မြို့တော်တွင် စွမ်းအင်ချွေတာသုံးစွဲမှုများ၊ ယာဉ်ကြောကျပ် တည်းမှုများကို လျှော့ချနိုင်ခဲ့ပြီးဖြစ်သလို ကားရပ်နားခြင်းဆိုင်ရာ ကိစ္စရပ်များမှအစ လမ်းမီးများအဆုံး စမတ်ဝန်ဆောင်မှု များဖြင့် ပြုလုပ်အသုံးပြုနေခဲ့ပြီးဖြစ်သည်။
Bercelona
ဘာစီလိုနာမြို့တော်သည်လည်း စမတ်မြို့တော်ဖြစ်ရန် အာရုံခံစနစ်များစွာကို အသုံးပြုလျက်ရှိရာ မြို့တော်၏ တည်ဆောက်ပုံအရ ယာဉ်ကြောထိန်းချုပ်မှု၊လမ်းကြောင်းထိန်းချုပ်မှုစနစ်များကို အသုံးပြုနေခဲ့ပြီးဖြစ်သည်။ ဥပမာအနေဖြင့် အရေးပေါ်ကိစ္စရပ်များအတွက် ယာဉ်မောင်းနှင်ရာတွင် ယာဉ်ကြောများကို လိုအပ်သလို လမ်းကြောင်းရှင်းပေးသည့် ထိန်းချုပ်စနစ်များပင်ဖြစ်သည်။
Stockholm
Stockholm မြို့တော်သည် 1994 ခုနှစ်ကတည်းကပင် တစ်ကမ္ဘာလုံးနှင့်ချိတ်ဆက်နိုင်သော ဖိုက်ဘာကွန်ရက်စနစ်ကို အသုံးပြုနေခဲ့ပြီးဖြစ်သည်။ မကြာခင်မြန်မာနိုင်ငံတွင် ခေတ်စားလာတော့မည့် e-services ၀န်ဆောင်မှုများကို အသုံးပြုနေသည့် မြို့တော်တစ်ခုလည်းဖြစ်ပါသည်။
Santa Cruz
အခြားသော Smart City များတွင် အသုံးပြုသော နည်းပညာများနှင့် ကွဲပြားခြားနားစွာ ရှိနေသော မြို့တော်ဖြစ်ပြီး ဥပမာအနေဖြင့် ရဲဌာနများသည် တစ်နေ့လျှင် အန္တရာယ်ရှိသောနေရာ ၁၀ ခုကိုထုတ်ပြန်လေ့ရှိခြင်းဖြင့် ပြည်သူများ အနေဖြင့်လည်း ကြိုတင်သိရှိကာ သတိထားလုပ်ဆောင်နိုင်မည်ဖြစ်သည်။
ICT နည်းပညာများသည် အသုံးပြုသည့် နိုင်ငံအပေါ် မူတည်ကာ ကွဲပြားခြားနားလေ့ရှိကြောင့် သိရှိရပေသည်။ နံပတ်တစ် စမတ်မြို့တော်ကိုပြပါဆိုလျှင် အိန္ဒိယနိုင်ငံ Delhi ရှိ L Zone ဟုပြောဆိုရမည်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ စမတ်မြို့တော်ဖြစ်ရန် လုပ်ဆောင်ရမည့်အရာများ၊ နည်းပညာများသည် လွန်စွာရှုပ်ထွေးသည့်အပြင် စီမံကိန်းများချမှတ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ စွမ်းအင်၊ ဆက်သွယ်မှု အစရှိသည့် ကဏ္ဍပေါင်းစုံတွင် ကျွမ်းကျင်မှုများစွာ လိုအပ်လိမ့်မည်ဖြစ်ပေတော့သည်။
(ဆောင်းပါရှင် MARC JADOUL ၏ smart cities are built smart networks အကြောင်းကိုဘာသာပြန်ရေးသားပါသည်)
WorldWide(BMSTU)